ချစ်သူကောင်လေးရဲ့ မိန်းကလေးသူငယ်ချင်းနဲ့ ပတ်သက်လို့ ဘယ်လိုကိုင်တွယ်မလဲ





ကိုယ့်ရည်းစားကောင်လေးရဲ့ မိန်းကလေးသူငယ်ချင်းတွေနဲ့ ပတ်သက်လို့ ချစ်သူနှစ်ယောက်ကြား အမြဲပြဿနာတက်နေရ တဲ့ မိန်းကလေးတွေအတွက် ဖြေရှင်းနိုင်မယ့် နည်းလမ်းလေးအချို့ကို ဝေမျှချင်ပါတယ်။ ကိုယ့်ချစ်သူကောင်လေးရဲ့ မိန်းကလေးသူငယ်ချင်းတွေကို အစဉ်အမြဲ လိုက်သ၀န်တိုနေလို့လည်း မတင့်တယ်သလို၊ မိန်းကလေးသူငယ်ချင်း မထားရဘူးဆိုတဲ့ ကျဉ်းမြောင်းတဲ့အမြင်နဲ့ ပိတ်ပင်တာမျိုးတွေဟာလည်း ရေရှည်မှာ သင့်ကောင်လေးရဲ့ ပေါင်းသင်းဆက် ဆံရေးကို လိုက်လံထိန်းချုပ် နှောင့်ယှက်နေသလိုမျိုး ဖြစ်နေနိုင်တဲ့အတွက် နှစ်ဦးကြား ဆက်ဆံရေးမှာ အဖုအထစ်တွေ ဖြစ် လာစေနိုင်ပါတယ်။ ဒါကြောင့် အောက်ပါ နည်းလမ်းလေးတွေကို ဖတ်ရှုကြည့်လိုက်ပါနော်။

၁။ မိတ်ဖွဲ့ပါ။

သင့်ကောင်လေးရဲ့ မိန်းကလေးသူငယ်ချင်းတွေကြောင့် အမြဲတမ်း ရန်ဖြစ်စကားများနေရပြီး၊ လိုက်သ၀န်တိုနေရတဲ့ အဓိက အချက်တစ်ခုကတော့ ထိုကောင်မလေးတွေထဲက တစ်ယောက်ယောက်ကြောင့် သင့်ကို ထားသွားခဲ့မှာကို တွေး ကြောက်နေမိလို့ပဲ ဖြစ်ပါတယ်။ ဒီကိစ္စအတွက် အကောင်းဆုံး ဖြေရှင်းနည်းတစ်ခုကတော့ ထိုကောင်မလေးအုပ်စုနဲ့ သင်ပါ ခင်မင်ရင်းနှီးသွားအောင် မိတ်ဖွဲ့ဖို့ပဲ ဖြစ်ပါတယ်။ တစ်ယောက်အကြောင်း တစ်ယောက် ခြေခြေမြစ်မြစ် သိရှိသွားတဲ့အခါ သင်ခံစားနေရတဲ့ အကြောက်တရားတွေ ပျောက်ကွယ်သွားပါလိမ့်မယ်။

၂။ အတူတူ လျှောက်လည်ပါ။

သင့်ကောင်လေးမှာရှိတဲ့ မိန်းကလေးသူငယ်ချင်းနဲ့ နှစ်ယောက်တည်း၊ သို့မဟုတ် သင့်ကောင်လေးပါ အတူတူခေါ်ပြီး အုပ်စု လိုက် အပြင်ထွက် လျှောက်လည်တာမျိုးတွေ လုပ်နိုင်ပါတယ်။ တကယ်လို့ သူမမှာ အရေးကြီးတဲ့ပုဂ္ဂိုလ် တစ်စုံတစ်ယောက် ရှိခဲ့မယ်ဆိုရင်လည်း တစ်ပါတည်း ခေါ်လာခိုင်းခြင်းအားဖြင့် အချင်းချင်းရဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းတွေကို ရှင်းရှင်း လင်းလင်း သိရနိုင်လို့ သ၀န်တိုမိခြင်း အန္တရာယ်က ကင်းဝေးစေနိုင်ပါတယ်။ ဒါ့အပြင် အတူတူ သွားလာကြည့်ခြင်းအားဖြင့် သင့်ကောင်လေးအရှေ့မှာ ထိုမိန်းကလေးက ဘယ်လိုပြုမူဆက်ဆံသလည်းဆိုတာပါ မျက်မြင်ကိုယ်တွေ့ တွေ့ရနိုင်လို့ သင့်ချစ်သူအပေါ်ထားတဲ့ သူမရဲ့အတွင်းစိတ်ကိုလည်း မြင်တွေ့ရနိုင်ပါလိမ့်မယ်။

၃။ ဖုန်းခေါ်ခြင်း၊ မက်ဆေ့ပို့ခြင်းတို့နဲ့ ပတ်သက်ပြီး ကိုင်တွယ်ခြင်း

သင့်ချစ်သူရဲ့ဖုန်းကို အမည်မသိ ဖုန်းနံပါတ်တစ်ခုနဲ့ မိန်းကလေးတစ်ယောက်က ဖုန်းခေါ်ခြင်း၊ မက်ဆေ့ပို့ခြင်းများ ပြုလုပ် လာပြီဆိုပါက သံသယစိတ်တွေဟာ ဒီရေအလား တိုးတက်ပွားများလာနိုင်ပါတယ်။ ထိုအခါမှာ မိမိဘာသာ စိတ်ထဲမှာ ရမ်းသမ်းခန့်မှန်းပြီး သံသယပွားနေခြင်းထက် ထိုကောင်မလေးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ချစ်သူ ကောင်လေးဆီက ပွင့်ပွင့်လင်းလင်း ဖွင့်မေးသင့်ပါတယ်။ ခင်မင်လာခဲ့တဲ့ သူငယ်ချင်းသက်တမ်း၊ သူတို့ရဲ့ တွေ့ဆုံပုံ၊ ယခင်က ပတ်သက်ခဲ့ဖူးခြင်း ရှိမရှိ၊ ယခု single ဟုတ်မဟုတ် စတာတွေကို ပွင့်လင်းစွာ မေးကြည့်ပါ။ ရိုးသားတဲ့ ဆက်ဆံရေးဖြစ်ပါက ပြောပြရဲပါလိမ့်မယ်။

၎။ စိုးရိမ်မနေပါနဲ့။

တကယ်လို့ သူတို့နှစ်ယောက်ရဲ့ ပတ်သက်ဆက်ဆံရေးဟာ ဖြူစင်တယ်ဆိုတာ သိလိုက်ရပြီဆိုရင်တော့ ထိုကောင်မလေးနဲ့ ပတ်သက်ပြီး စိုးရိမ်နေတာတွေ၊ စိတ်ပူနေတာတွေ လျှော့ချလိုက်သင့်ပြီ ဖြစ်ပါတယ်။ အဲ့သည့်ကောင်မလေးဟာ ဘယ်လောက်ပဲ လှပပြီး အရည်အချင်းတွေနဲ့ ပြည့်စုံနေသည်ဖြစ်စေ သင့်ချစ်သူကောင်လေးရဲ့စိတ်က သင့်ဆီမှာပဲ ရှိနေတဲ့ အတွက် စိတ်ချထားနိုင်ပါတယ်။ သင့်ချစ်သူဆီက သံသယဖြစ်ဖွယ်ကောင်းတဲ့ အပြုအမူတွေ မတွေ့ရမချင်း သူ့ကို ယုံကြည်ထားပါ။

ဒီနည်းလေးတွေ သုံးခြင်းအားဖြင့် မိန်းကလေးသူငယ်ချင်းတွေကြောင့် သမီးရည်းစား နှစ်ယောက်ကြား ခဏခဏ စကားများ၊ စိတ်ကောက်ဖြစ်ကြရာက လမ်းခွဲပြတ်စဲတဲ့အထိ တွန်းအားတွေ ဖြစ်မသွားစေဖို့ ကူညီပေးနိုင်ပါလိမ့်မယ်။

Nilar Wai (shwemom)
Previous
Next Post »