ထိုင်းနိုင်ငံမှာ အမျိုးသမီးတဦးဟာ ခင်ပွန်းဖြစ်သူ အမျိုးသားရဲ့ လိင်အင်္ဂါကို မီးဖို ချောင်သုံးဓားနဲ့ လှီးဖြတ်ခဲ့ပြီးနောက်မှာ သူ့ကိုယ်သူ ပိုးသတ်ဆေးသောက် သေကြောင်း ကြံစည်ခဲ့ပါတယ်။
အသက် ၃၃ နှစ်အရွယ် ခါဝင်နာ့တ် ဆေဇောင်အမည်ရတဲ့ အဲဒီအမျိုးသမီးဟာ ပေါင်ခရိုင်၊ ခွန်ခွမ်ကျေးရွာမှာ နေထိုင်တာဖြစ်ပြီး ခင်ပွန်းဖြစ်သူက သူ့ကို အကြိမ်ကြိမ် လှည့်ဖြားခဲ့တဲ့အတွက် ခုလိုကျူးလွန်ခဲ့တာဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ မေလ ၃၀ ရက်နေ့က ဖော်ပြပါတယ်။
မေလ ၂၇ ရက်နေ့က သူဟာ အသက် ၃၈ နှစ်အရွယ် ခင်ပွန်းဖြစ်သူ နီရန် ဆေ၀မ်နဲ့ ကတောက်ကဆ ဖြစ်ခဲ့ပြီး ခင်ပွန်းဖြစ်သူ အိပ်ပျော်နေချိန်မှာ မီးဖိုချောင်သုံးဓားနဲ့ လိင်အင်္ဂါကို လှီးဖြတ်ခဲ့တာပါ။
အဲဒီနောက်တော့ သွေးထွက်ဒဏ်ရာတွေနဲ့ ခင်ပွန်းဖြစ်သူ အမျိုးသားကို အိမ်နီးချင်းတွေက ပေါင်ဆေးရုံကို ပို့ဆောင်ထားခဲ့ရပြီး လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ဆက် လက်လုပ်ဆောင်ခဲ့တာပါ။
အဲဒီကမှတဆင့် သူ့ရဲ့လိင်အင်္ဂါကို ပြန်ဆက်ပေးနိုင်ဖို့ လန်းဖန်းဆေးရုံကို ဆက်လက် ပြောင်းရွှေ့ခဲ့တာပါ။
အဲဒီနောက်မှာ နေအိမ်မှာ ကျန်နေခဲ့တဲ့ ဇနီးဖြစ်သူ ခါဝင်နာ့တ် ဆေဇောင်ဟာ အခန်းတံခါးကို ပိတ်ပြီး ပိုးသတ်ဆေးသောက်သေကြောင်းကြံစည်ခဲ့လို့ ပေါင်ဆေးရုံဆီ ပို့ဆောင်ခဲ့ရပြီး မေလ ၂၉ ရက်နေ့ မနက်ပိုင်းမှာ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
ခွဲစိတ်ကုသမှုတွေ လုပ်ဆောင်နေတဲ့ ခင်ပွန်းဖြစ်သူကတော့ အခြေအနေပိုမို ကောင်းမွန်လာပြီး ဒီအဆင့်မှာ ဆီးသွားနိုင်တော့မယ်လို့ ဆရာဝန်တွေက ပြောပါတယ်။
Credit: dvb burmese